ဂီတအနုပညာလောက၏ အပြောင်းအလဲ ၂၀၀၉-၂၀၁၀
၂၀၀၉-၂၀၁၀ နှစ်ပြောင်းကူးခါနီးအချိန်လေးတွင် ဂယက်ထခဲ့သော ကိစမှာ ဂီတအနုပညာလောက မှ တေးရေးဆရာနှင့် တေးသံရှင်တို့၏ အနုပညာကြေးကိစ္စ ပင်ဖြစ်သည်။ တေးသီချင်းသီဆိုသူ အနုပညာရှင်များမှာ အနုပညာဖျော်ဖြေပွဲများတွင် ပွဲစီစဉ်သူများနှင့် ၎င်းတို့ညှိနိုင်း သဘောတူညီထား သည့်အတိုင်းပင် အနုပညာကြေးရယူကာ ဖျောဖြေကြခဲ့ကြသည်။
ယခုအခါ တေးရေးဆရာများက ၎င်းတို့လည်း အနုပညာကြေးများကို ထိုဖျော်ဖြေပွဲများမှ ရယူလိုကြောင်း၊ ယခင်က တေးရေးစပ်မှု၊ ရုပ်ရှင် ဗီဒီယိုကားများ တွင်သာ အနုပညာကြေးများကို ရယူခဲ့ရာမှ ယခုတစ်ဖန်တွင် တေးသံရှင်များထံမှလည်း ၎င်းတို့သီချင်း သီဆိုခ အနုပညာကြေးများကို ရယူလိုကြောင်းဖြစ်လာခံသည်။
၎င်းကိစ္စ ဖြစ်ပွားပုံမှာ ၎င်းတို့ အနုပညာအဖွဲ့အစည်းအတွင်းမှ တေးစီးရီးထုတ်လုပ်သူ နှင့် ပတ်သတ်၍ စတင်ဖြစ်ပွားခဲ့ကြောင်း ကြားသိရသည်။ ထုတ်လုပ်သူမှ ၎င်းထုတ်လုပ်ထားသော တေးစီးရီးနှင့် ပတ်သတ်၍ ရောင်းအားမှပြန်လည်ပြီး အကျိုးအမြတ်ကို ရယူမည်ဖြစ်ရာ တေးရေးဆရာတို့နှင့် ထိပ်တိုက်တွေ့ သကဲ့သို့ဖြစ်နေလေသည်။ အကြောင်းမှာ ဗီဒီယိုဇာတ်ကားတွင် သီဆိုသူ အနုပညာရှင်များ ၏ အသံများကို ရယူအသုံးပြုမှုကြောင့် သီဆိုသူတေးသံရှင်အားလည်းကောင်း၊ သီချင်းအားရေးစပ်သူ တေးရေးဆရာများအား လည်းကောင်း ပြန်လည်၍ အသုံးပြုခ အနုပညာကြေးပေးရသည်။ သို့ရာတွင် အချို့သော တေးသံရှင်အနုပညာ ရှင်များသည် ၎င်းတို့၏ တေးသီချင်းအား အသုံးပြုခ အနုပညာကြေးကို တေးရေးဆရာများကိုသာ အပြည့်အ၀ ပေးကြောင်း၊ အချို့မှာလည်း စည်းမျဉ်းစည်းကမ်းအတိုင်း နားလည်မှုရယူကာလုပ်ဆောင်ခဲ့ကြသည်။ လက်ရှိ အခြေအနေမှာမူ ထို တေးစီးရီးထုတ်လုပ်သူမှ သူ၏ လုပ်ငန်းနှင့်ပတ်သတ်သော တေးစီးရီးအတွက် အကျိုး အမြတ်ငွေ အား မျှဝေခံစား သဖြင့် တေးရေးဆရာတို့ အတွက် သိသိသာသာပင် အကျိုးယုတ်စေခဲ့သည်။
ထို့အတွက်ကြောင့် တေးရေးဆရာတို့မှာ ၎င်းတို့၏ တေးသီချင်းသီဆိုသူ တေးသံရှင်များထံမှ ပြန်လည်၍ တေးသီချင်းသီဆိုခ ကို ရယူလိုကြောင်း၊ ရယူမည်ဖြစ်ကြောင်း အတိအလင်းပင်ပြောဆို လုပ်ဆောင် လာ ကြသည်။ ၎င်းနောက်တွင် တေးရေးဆရာများမှ အဖွဲ့အစည်းဖွဲ့ကာ အတိအလင်းပင် ရင်ဆိုင်လာကြသည်။ သို့ရာတွင် အချို့သောတေးရေးဆရာများမှာ ထိုကိစ္စ အတွက်ပါဝင်လုပ်ဆောင်လိုခြင်းမရှိကြောင်း၊ မိမိတို့ ၏ သဘောထားများကို လွတ်လပ်စွာထုတ်ဖော်ခဲ့ရာ တေးရေးဆရာများ အချင်အချင်းပင် ပဋိပက္ခများပင် ဖြစ် ပွားခဲ့သည်။ အချို့တေးရေးဆရာများမှာလည်း အနည်းနှင့်အများရန် ကိုကြောက်သဖြင့် မိမိသဘောထားကို မျိုသိပ်ကာ ရန်မများရလေအောင် သဘောတူကြောင်း လက်မှတ်ထိုးရလေသည်။
တေးရေးဆရာများမှာ ယခုအခါ သီချင်းတစ်ပုဒ်သီဆိုခအဖြစ် ၎င်းတို့ရေးစပ်ခ အနုပညာကြေးအတွက် မည်မျှလျှင်မည်မျှ (တစ်ပုဒ်လျှင် ၃၀,၀၀၀၊ ၅၀,၀၀၀) ရယူမည်ဖြစ်ကြောင်း အသိပေးခဲ့သည်။ ၎င်းပြင် ပွဲရက်ရှိုးကြီးများ (သကြန်၊ သီတင်းကျွတ်၊ တန်ဆောင်တိုင် စသည်ဖြင့်) တွင် သီဆိုခအနေဖြင့် သီးခြား သတ်မှတ်ထားကြောင်း သိရသည်။
ဤနေရာတွင် တေးရေးဆရာများအနေဖြင့် ကိုယ်တိုင်ပင် ဖျော်ဖြေပွဲသို့လိုက်ရောက်၍ ယူမည်မယူမည် စဉ်းစားစရာပင်ဖြစ်သည်။ တေးသံရှင်တို့မှာ နယ်ဝေးဖျော်ဖြေပွဲများဆိုလျှင် ကိုယ်ရောစိတ်ပါ ခရီးပန်းခြင်း၊ အခန့်မသင့်လျှင် စီစဉ်သူ အချို့၏ အနုပညာကြေးကို အပြည့်အ၀မပေး၊ တာဝန်မယူခြင်းများ ကို တွေ့ကြုံရသည်။ ဤသို့ဆိုလျှင် တေးရေးဆရာများကိုပေးရန် အနုပညာကြေးမှာ မပြေလည်မှု များ ရှိလာနိုင်မည်ဖြစ်သည်။ ပွဲစီစဉ်သူများကလည်း ၎င်းတို့သည် တေးသံရှင်များကိုသာ ဖျော်ဖြေရေး အစီအစဉ် အတွက် ငှါးရမ်းထားခြင်းသာဖြစ်ကြောင်း တေးရေးစပ်သူတို့နှင့် ၎င်းတို့နှင့် လုံးဝပတ်သတ်မှုမရှိကြောင်း အတိအလင်းပြောသည်။ ထို့အတွက်ကြောင့် လတ်တလော အနုပညာလောကတွင် အနုပညာကို မည့်သို့ ခံစားမည် မည်ကဲ့သို့တိုးတက်အောင် ပူးပေါင်းလုပ်ဆောင်မည် ဆိုသည်ထက် ထိုကိစနှင့် ပတ်သတ် ၍ မိမိတို့်အကျိုးအမြတ်အတွက် မည်သို့ရအောင်ယူမည်၊ မည်သို့လုပ်မည်ဆိုသည် ကိုသာ ကြားနေရသည်မှာ မြန်မာ့အနုပညာလောကအတွက် မည်ကဲ့သို့ အကျိုးပြုမည်ကို စောင့်ကြည့်ရပေမည်။
မူရင်း ဒီဆိုဒ် မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်..
Friday, January 8, 2010
Sunday, December 13, 2009
အချစ်တလင်းမှာ စစ်မခင်းချင်တော့ဘူး
HI 5 မှာ အရမ်းမိုက်တယ် ဆိုတဲ့ မင်းနဲ့
BLOGGER မှာ အတော်ကြာမှ သိခဲ့ရတယ်။
FACEBOOK မှာ ခလေးလိုလို လုပ်နေလို့
YAHOO MESSENGER မှာ“မရဘူး အမြန်လာ”လို့နောက်တော့
PFINGO မှာ “ဟင့်အင် သွား လူဇိုး”တဲ့။
FRIENDSTER မှာ “ချန်မထားနဲ့”ဆိုတော့
VZO မှာ “ပလီချက်ကို” လို့ပြောတယ်။
ZORPIA မှာ အမုန်းကြီးထွားတုန်း
WAYN မှာကျ “ပိန်း”လိုက်တာလို့ ပြောပစ်လိုက်တယ်
TWITTER မှာ “ရှင်မလာ”နဲ့ဖြစ်ရော
MY SPACE မှာ ပြိုင်မဟေ့ လို့အားတင်းခဲ့ပေမယ့်
GTALK မှာတော့ အပီပြန်ချော့ခဲ့ရတယ်ဗျာ။
ဒီလိုနဲ့
MSN မှာ သူကျနော့ကို ပြန်ဆက်ပြန်တယ်။
GOOGLE မှာ အတူတူလှဲ ရင်းးးး
YAHOO မှာ ပျော်မြူးခဲ့ကြလေသတည်း။
မူရင်းရေသားသူ ကိုရေတမာ ရေသားသည်

Saturday, November 21, 2009
အစားထိုးမရတဲ့ မိဘ
အရာရာကို တွေးလို့စိတ်ပူတတ်
သားသမီးရဲ့ အိပ်မက်
ပျော်ရွင်မှုနဲ့ စိတ်ဆင်းရဲမှု
မကောင်းမှုတွေကို တားဆီး
မပျက်ဆီးအောင် စောင့်ရှောက်တဲ့
ဒုတိယ ဘုရားသခင် ကျေးဇူးရှင် မွေးမိခင်...
ရင်နဲ့ရင်း၍ ကိုးလလွယ်
အသက်ကိုရင်းလို့ မွေးခဲ့တယ်
မမြင်နိုင်တဲ့ လမ်းတွေရဲ့ကြား
ခွဲခြားတတ်ရန် အမှားအမှန်
လမ်းကောင်းလျှောက်ရန် သွန်သင်ဆုံးမ
ရှေ့ဆောင်လမ်းပြခဲ့တယ်...
သားနှင့်သမီး မခွဲခြား
လိမ္မာ မလိမ္မာ မငြီးတွား
အားလုံးကို တန်းတူထားလို့
ကို့အသက်ထက်ပိုလို့ ချစ်ကြတယ်...
အရွယ်ရောက်တော့ မိဘမှာ
ရည်းစားထားမှားမှာ စိုးရိမ်လာ
သူတို့အတွက်တော့ ငါတို့က
ဘယ်တော့မှမကြီးတဲ့ ကလေးဘ၀...
မပြေလည်မှုကြောင့် ရပ်ဝေးတွင်
အိမ်ကထွက်လို့ လုပ်ငန်းခွင်ဝင်
တွေတဲ့ခါတိုင်း မေးနေကြ
သားဟိုမှာ အဆင်ပြေရဲ့လား...
တာဝန်တွေနဲ့ လုံးပန်းရ
အိမ်ပြန်ရမဲ့ နေ့ကိုတမ်းတ
သားသမီးကို တွေ့ချင်တာက
မိဘတွေရဲ့ ဆန္ဒ
အဝေးရောက်တဲ့ ငါတို့အတွက်
မိဘကျေးဇူး ဆပ်ဖို့က
မိဘစကားနားထောင်ကြ
မကောင်းမှုဟူသမျှရှောင်ရှားကြ...
မူရင်းရေးသားသူ မင်းအနားမှာ ရေးသားသည်....

Thursday, November 19, 2009
ကျွန်တော်ပြောသော ကျောင်းသားဘ၀ အကြောင်း
ကျွန်တော့် ဇာတိမြေက ပင်လယ်ပြင်အထက် ပေ(၄၇၁၂)မှာရှိတဲ့ မြူးနှင်းတွေနဲ့ အုံ့ မှိုင်း နေတတ်တဲ့ တောင်ကြီးမြို့  လေးပါ..... အသက် (၁၆)နှစ် မှာမိမိချစ်သော ဤနယ်မြို့  ကလေးက နေ အဝေးကို မခွဲခွာချင်ပဲ ထွက်ခွာခဲ့ရတယ်..... သူစိမ်းစံတဲ့ နယ်မြေရဲ့ အနံ့ အသက်ကိုရှူရှိုက်ရတာကြာလာတော့ မိမိမွေးရပ်မြေက အဖြစ်အပျက်လေးတွေကို မြင်ယောင်တမ်းတ မိပါတယ်....စိတ်ကူးထဲ မှာလွမ်းဆွတ်မှု အရှိန်တွေတက်လာလို့  မနေနိုင်ဘဲအားလုံးကို ဒီနေရာမှာဘဲဖွင့်ထုတ်လိုက်ပါတယ်.....
“ဒေါင်....ဒေါင်...ဒေါင်”....ကျွန်တော်ကြားနေကြ ကျောင်းတက်ခေါင်းလောင်းသံ.....ကျွန်တော် နဲ့  သူငယ်ချင်းတို့စာသင်ခန်းထဲ အပြိုင်အဆိုင်ပြေးဝင်ကြတယ်.....မကြာခင် အတန်းပိုင်ဆရာမ ဒေါ်မြင့်သောင်း စာအုပ်လေးအုပ် လက်ထဲပိုက်ပြီးဝင်လာတယ်......ကျွန်တော်တို့ မြန်မာကျောင်းသားတွေရဲ့  ယဉ်ကျေးမှုအတိုင်း “ ပဉ္စဂုနံ အဟံဝ န္တာမိ ..................... မင်္ဂလာပါ ဆရာမ” (ကျွန်တော် နားထဲ သွေးထဲ အခုချိန်ထိ ကြားယောင်နေဆဲ) ဟု သံပြိုင်နှုတ်ဆက်ကြတယ် (မှတ်မိကြဦးမှာပေါ့) .... “ဆရာမ” ဆိုတဲ့ စာလုံး စပြီးထိတွေ့  သလို “သူငယ်ချင်း” ဆိုတဲ့အသိ လေး မသိစိတ်ကိုတိုးဝင်စအချိန်....... “ကကြီး ခခွေး ဂငယ်........” သူငယ်ချင်းတွေနဲ့ အတူ ပျော်ပျော်ကြီးအော်ဆိုရင်း သူငယ်တန်းနှစ် ပြီးဆုံးသွားတယ်...............
ပထမတန်း .....မှတ်မိသေးတယ်.....အတန်းပိုင်ဆရာမက ဆရာမဒေါ်နော်ထူးဆေး(အခုတော့ ပင်စင်ယူသွားပါပြီ)....ဆရာမနေမကောင်းလို့  အတန်းထဲမှာ အိပ်နေတဲ့အချိန်.....ကျွန်တော်တို့ အဖွဲ့ မျောက်ရှူံးအောင် ကစားကြတာ.. တခြားအခန်းက ဆရာမတောင် လာအော်ယူရတယ် ..... ဟာဟား ....... အဲ့ဒီတုန်းက..ကလေးကို....ဘယ်နားလည်မလဲ ....... ဆရာမစာမသင်တာနဲ့  ကမ္ဘာကြီးတစ်ခု လုံး လွတ်လပ်နေသလိုဘဲ .....း).....တခါတလေ....ဆရာမကျေုာင်းမလာ ရင် ဘောလုံးခိုးကန် ကြတာ...အမော.......အတန်းထဲမှာနော်.....ဟီဟီး....
စာကို စာမှန်းနာလည်တဲ့ အချိန်က grade 3 (ဒုတိယတန်း).....စာမရလို့  သူငယ်ချင်းတွေနဲ့  တပျော်တပါးကြီး ခုံပေါ်မတ်တပ်ရပ်ခဲ့ရတဲ့ နေ့ တွေ.....နားရွက်ဆွဲ ထိုင်ထလုပ်ခဲ့ရတယ့်နေ့  တွေ....ဆရာမဒေါ်သန်းမြင့်ရီရဲ့  ၀ါးပေတံစာ မိခဲ့တဲ့ နေ့ တွေ အခု ချိန်ထိ မျက်စိထဲမှာမြင်ယောင်နေဆဲ.....
တတိယတန်း....... စာကိုတစိုက်မတ်မတ် လုပ်ဖို့ အမေ့ရဲ့  ဆုံးမသံ ...... ဘ၀ မှာ ဒါပထမဆုံးဘဲ..... အမေ့ရဲ့  မနက် အိပ်ရာစောစောထ ဖို့ ဆူသံ ဆုံးမသံ....အခုချိန်ထိ ကျွန်တော့် အဝေးမှာရှိနေလည်း အမေ့အသံ က နှိုးဆော်နေဆဲ..... တစ်နေ့ ပေးစာ တစ်နေ့  အမေ့နား မှာစာအံရင်း တတိယတန်းနှစ် အခန်းဆုံးစာမေးပွဲ မှာ ပထမဆု ရခဲ့ဖူးတယ်.... အဖေ ရဲ့ ဝမ်းသာမဆုံးအားပေးသံ “ငါ့ သားကို ကားအကြီးကြီး ၀ယ်ပေးမယ်...နောင်နှစ်ကျရင် လည်း ဆုရအောင် လုပ်ရမယ်နော်”.....အမေ့ရဲ့  ပီတိ မျက်ရည်...... ဘ၀မှာ တန်ဖိုးအ ရှိဆုံးဘဲ......
တစ်တန်းပြီး တစ်တန်းတက်လာ တယ်.....သူငယ်ချင်းတွေက ဒီကောင် က ဒီကောင် ဘဲ......အားလုံးကတစ်ခန်းထဲမှာ ဘဲ.....မှတ်မှတ်ရရ ဟာသလေး တစ်ခုရှိသေးတယ်..... ၄တန်း တုန်းက....ဆရာမကြီး ဒေါ်အေးချစ်.....ယခုချိန်ထိ ကျောင်းသားတိုင်း လေးစားတုန်း ချစ်တုန်း... အထက ၄ ကို တောင်ကြီးတစ်မြို့ လုံး ဖုံးလွှမ်း အောင်လုပ်ဆောင်ပေးခဲ့တဲ့ လူတိုင်းလေးစားတဲ့ ဆရာမကြီး...... ဖြစ်ပုံကဒီလို..... အတန်းပိုင်ဆရာမဒေါ်မေသန်း အတန်းထဲဝင် လာတာကို သူငယ်ချင်း KSW :P (မှတ်မိသေးလား သူငယ်ချင်းတို့ ) ကောင်းကောင်း နှုတ်မဆက်ဘဲ ဆော့နေလို့  ပြတင်းပေါက်ကနေ ခဲနဲ့  လှမ်းထု တာ.....ခေါင်းမကွဲ တာ ကံကောင်း....... ကွဲလည်း အေးဆေးပါ.....ဘေးမှာ TUN ဆေးရုံ က ready ဘဲ...... ;D
၂၀၀၀ ခုနှစ်.......ဆရာမကြီး ပင်စင်ယူပြီ....... ဆရာမတွေကော ကျောင်းသား တွေကော ငိုကြတယ်ပြောတယ်ဗျ ..... ငယ်သေးသော့ သေသေချာချာမသိ လိုက်ဘူး.......ကျောင်းကို ဆရာကြီး အသစ်ရောက်လာတယ်....... ဆရာကြီး ဦးခင်မောင်မြင့်...... တော်တော်စည်းကမ်းကြီးတယ် ပြောတယ်......
သြော်......မေ့တော့မလို့ ...... ကထိန် ....ကထိန်.... ဘုံကထိန်..... တောင်ကြီး မှာ ကျောင်းတိုင်း အပြိုင်အဆိုင် လုပ်နေကြ...... ၅တန်း တုန်း က...... အရုပ်စလုပ် ရတယ်....... ပျော်သလား မမေးနဲ့  ဗျာ.... october ဆို စာတောင်မလုပ်နိုင်ဝူး..... သူငယ်ချင်းအိမ်မှာ အရုပ် ချိုး ရတာနဲ့ ..... စက္ကူကပ်ရတာနဲ့ ....... သူငယ်ချင်း SPA SMT ကျွန်တော်တို့ ဦးစီးပြီး လုပ်ကြတာ.....

ဒီပုံလေးက ၈တန်းနှစ် က ကျွန်တော်တို့  လုပ်ခဲ့တဲ့ အရုပ်လေးပါ ..... ကျွန်တော့်ကို တွေ့  ကြလား .... ဓာတ်ပုံထဲမှာ ....းD

`နောင်ဗေနောင် .... နောင်ဗေနောင်´ ...... သီချင်းနဲ့  ၀ိုင်းဖွဲ့  ကနေတဲ့ ပုံလေးနဲ့  တူတယ်...... မြသီရိခန်းမ မှာ အကတိုက်တာမှတ်မိသေးလား .....
လူပျိုလေး စဖြစ် ပြီတဲ့.....အသံတွေလည်း စပြီးပြောင်းနေကြပြီ......မထုတ်တတ်တဲ့ ရှိုးတောင် ထုတ်တတ်ခါစ .......မပြောင်းလဲသေးတာက ကျွန်တော်တို့  ဘော်တာ တွေတစ်စု.......၈တန်းအထိ လည်း same classroom ဘဲ........ ၈တန်း တုန်းက ကိုယ့်ပါကိုယ် ဒီလောက်ဆိုးမှန်း မသိဘူး........ အခုချိန် ထိ ခေါင်းထဲ ကမထွက်နိုင်ဝူးး....... ပထ၀ီ ဆရာမ ဒေါ်ခင်သန်းထူး.....အင်းသူ ဆိုတော့ စကားက နည်းနည်းဝဲတယ်....... ကျောင်းသားတိုင်း “ဒေါ်ခင်သန်းထူး” ဆို......ဘယ်နားရောက် ကုန် မှန်းမသိဘူးး.......ဖင်တုန်အောင် ကြောက်တယ်........ ကျွန်တော်ကလည်း ကျွန်တော်...... ပထ၀ီမှ သွားခိုးချရတယ်လို့ ....... အခုချိန်စဉ်းစားတောင်...... မလုပ်ရဲဝူး..... မိသွားလို့  ဆရာမ ဆူတာ....... စကားလုံးတွေ......သေသာတောင်မမေ့နိုင် လောက်ဝီးး....... အရမ်းကို လေးစားဖို့ ကောင်းတဲ့ ဆရာမ...... ဘာမှတော့မလုပ် ပါဘူး....... ၄၇ မှတ်ရတာ ၇မှတ်ပြန်လျှော့ခံရတယ်......တော်သေးတာပေါ့........ဆရာကြီး ဆီ ရောက်ပြီထင်နေတာ...........
ကျောင်းမှာဆို....... A အခန်းက ရန်ဖြစ်တယ်ပြောရင် ကျွန်တော်တို့ တစ်စုဘဲ....... အတန်းပိုင်ဆရာမကြီး ဒေါ်မေဟန်ချမ်း စိတ်ညစ်အောင် လုပ်မိလို့ ...... ဒီကနေဘဲ တောင်းပန်တယ်ဗျ ဆရာမ.....
ဘာလိုလိုနဲ့  ၉တန်းကျောင်းသားကြီးဖြစ်လာပြီ.......၈ တန်းလောက်တော့ မဆိုးရဲတော့ပါဘူး...... အသိစိတ်ကလေး တွေလည်း ၀င်လာပါပြီ...... အမေတို့ အဖေတို့  တွေလိုချင်တဲ့ ပုံစံကို ရအောင်လုပ်ဖို့  ကြိုးစားခဲ့ ပါတယ်....... အပေါင်းအသင်း တွေ ဘော်တာတွေ သူငယ်ချင်းတွေ လည်းအများကြီး ရခဲ့ပါတယ်....
အချိန်တွေ ကတိုက်စားတာ အတော်မြန်ပါလား.......မြန်မာပြည် ကျောင်းသားတွေရဲ့  ဘ၀ တစ်ဆစ်ချိုး လို့  ပြောနေကြတဲ့ ၁၀တန်း (grade 11) ကိုရောက်ခဲ့ပြီ...... ဘ၀ ရဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ပေါ်စေသာ ဒီ ၁၀တန်း ဘဲ.......အဖေ က ခဏခဏ ပြောတယ်....... စာကို နေမအား ညမနား လုပ် ခဲ့ဖူးပါတယ်..... ၁၀တန်း တစ်သက်မှာ တစ်ခါပဲ ဆိုတော့..... ကျွန်တော့်အတွက် က... ကျောင်းသားဘ၀ မှာ ဘယ်အချိန် အပျော်ဆုံးလဲ လို့  မေးခွန်းထုတ်ရင်....အဖြေက ၁၀တန်း ပါ....... သူငယ်ချင်း တွေကို လည်းလုံးဝ မေ့လို့  မရ.... ဆရာမတွေကို လည်း သတိရ..... ဖြစ်ပျက်ဖူးတဲ့ အကြောင်းအရာ တော်တော်များများ ကလည်း ဒီနေ့ အထိ နှလုံးသားထဲမှာရှိနေဆဲ........
ဒါပေမယ့် စိတ်မကောင်းစရာ တစ်ခုရှိတယ်....... ကျွန်တော်တို့  လုပ်နေကြ ဘုံကထိန်.....ဒီ တစ်နှစ်မရှိဝူး တဲ့..... အသစ်ရောက်လာတဲ့ ဆရာကြီး ဦးညိုလုံး က ပြောတယ်.......ဒါလည်း “မလုပ်ရ” လို့  ပြောလို့ ပါ......ဘာလို့ လဲ ဆိုတာတော့ မေ့သွားပြီးP........ဒီ တစ်နှစ်တော့ မောင်စနေသား တို့ မကဲ နိုင်တော့ .......
၁၀တန်းမှာ မိဘတွေရဲ့  အလို...ဆရာမတွေရဲ့  အလို....ကျွန်တော့်ကျောင်း ရဲ့ အလို ကိုဖြည့်ပေးနိုင်ခဲ့ပြီ......
ကျွန်တော့်ကျောင်းအတွက် တာဝန်ကြေပါတယ်..... အ ထ က ၄ ဂုဏ်ကို ဆောင်ပေးနိုင်ခဲ့ပါတယ်.........
ဒီအတွက် ကျွန်တော့် ကိုသွန်သင်ပေးသော မိဘများ ဆရာ၊ဆရာမများ ဒီနေရာ ကလက်အုပ်ချီ ရှိခိုးဦးချစမြဲပါ......
၁၀တန်း အောင်စာရင်း ထွက်တော့ ကျွန်တော်တို့ တစ်စု ငါးကန် မှာသွားကဲကြသေးတယ်........ သင်္ကြန်တုန်းကလဲ အပြတ်ပဲ ....ကဲတာ...... စတုဒီသာ လည်းဝိုင်းလုပ်ကြတယ်.......ပျော်စရာတော်တော်ကောင်း ခဲ့တာဘဲ.........
သူငယ်ချင်းတို့ ........... မင်းတို့  အခု အဆင်ပြေနေကြလား ......နေကောကောင်းကြရဲ့ လား....... တစ်ယောက်တစ်နေရာဆီ ဖြစ်သွားပြီမို့ .....တွေ့ စရာ ဆိုလို့  online ဘဲ ရှိတယ်...... ဒါတောင် connection ကောင်းမှ......
ကျွန်တော်သင်္ကြန် မကြုံတာ ၂ နှစ်ရှိ သွားပြီ.......တောင်ကြီး တန်ဆောင်တိုင်လဲ မကြုံတော့ဝူး........ :'(
ဘာပဲဖြစ်ဖြစ် ဘ၀ မှာ တစ်ကြိမ်တစ်ခါဘဲ ရမယ့် အခွင့်အရေး တွေ ကျွန်တော်ရရှိခဲ့ပြီ....... နောက်ထက်လည်း ဒီကျောင်းသားဘ၀ကြီးကို ရချင်သေးပါတယ်ဆိုတောင် ထပ်ရတော့မှာမဟုတ်တော့ဘူး.......လူ့ ဘ၀ မှာ တစ်တောင်တက် တစ်တောင်ဆင်းသလိုဘဲ တောင်ပေါင်းများစွာကို ဖြတ်ကျော်ရဦးမယ်......
ခွန်အားသစ် မျှော်လင့်ချက် အသစ်ကလေး တွေနဲ့ မနက်ဖြန်များစွာကို ပုံဖော်ရင်း ဘ၀သင်ခန်းစာသစ် များကိုဖတ်ရှု ရဦးမယ် .........
မူရင်းရေးသားသူ စနေသား(ခွန်နိုင်လင်းအောင်) ၂၀၀၇ ကျောင်းသား

Tuesday, November 17, 2009
သတိရလိုက်မိသော နံနက်ခင်း
မနက် ၇ နာရီ နေမင်းကြီးရဲ့ အလင်းရောင်ကိုမထိရတာ တော်တော်ကြာသွားပြီပဲ ..... ဒီနေ့ မနက်ထပြီ တိုက်အောက်ဆင်း လမ်းလျှောက်တော့ မှသတိထားမိတယ်.... မနက်ခင်းရဲ့ လေကောင်းလေသန့် ကိုမရှူရှိက်ရတာ ကြာလို့ လားမသိ တော်တော်ကို သာယာတဲ့ မြို့ ပြကြီးရဲ့ မနက်ခင်းဘဲ ..... ကျနော်တို့  apartment ဘေးမှာက primary school ကြီးရှိတယ်ဗျ... မနက် ၇ နာရီဆိုတော့ ကလေးတွေ assembly စီတဲ့အချိန်ပေါ့....ကျနော်လည်း မမြင်ရတာကြာတော့ တချက်ငေးမိလိုက်တယ်.... အရှေ့ဆုံးမှာက ဆရာမနဲ့ တူပါတယ်... stage စင်ပေါ်မှာ တက်ကြွနေလိုက်တာ.... ကျနော့်မနက်ခင်းလေးတောင်ပိုပြီးတက်ကြွလာသလိုဘဲ.... သူ့ လက်ထဲမှာက mic နဲ့  ကလေးတွေကို နိုင်ငံတော်သီချင်းဆိုဖို့ အမိန့် ပေးလိုက်တယ်.... ကလေးတွေကလည်း သံပြိုင်သီဆိုကြတယ်.....
မှုံမှိုင်းအုံ့ ဆိုင်းနေတဲ့ တောင်ခြေအောက်က မနက်ခင်း ကျောင်းassembly လေးတစ်ခု ကျနော့်အတွေးထဲ အသက်ဝင်လာတယ်.... ၀ါ စိမ်း နီ ပြာ လိမ္မော် (ကျနော်တို့ ၉တန်းမှာ လိမ္မော် အသင်းပေါ်လာပြီလေ.... အနော်ရထာအသင်းလားမသိပါဘူး) အတန်းလိုက်စီတန်းပြီး ကျောင်းဘောလုံးကွင်းမှာ တန်းစီကြရတယ်.....အရှေ့ စတိတ်စင် ပေါ်မှာက ကျောင်းအုပ်ကြီးပေါ့ ..... ဘေးတဘက် တချက်မှာ လော ၂ခု ဆီရှိတယ်....... ကျောင်းတစ်ကျောင်းလုံးမှာရှိတဲ့ ကျောင်းသား ၃၀၀၀ လုံး သူ့ အသံကို ကြားနိုင်အောင်လို့ တဲ့.....နောက် အဲ့ဒီ စတိတ်စင် ရဲ့ ထိပ်မှာ ကျနော်တို့  ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကြီး တလွင့်လွင့် နဲ့  လွတ်လပ်ပေါ့ပါးနေလိုက်တာ....တကယ်ကောလွတ်လပ်နေပြီလား.... အလံကလေးကတော့ မိုးဒဏ်လေဒဏ်တွေ ကိုခံရတာများတော့ အရောင်လေးတောင်သိပ်မကျန်တော့ဘူး.....အဲ့ဒီလိုပြောလို့  စနေသားတို့  နိုင်ငံရေးလုပ်ပြီလို့ တော့ထင်သွားလားမသိ (အဲ့ဒါတော့ ကြောက်တယ်နော်) ...... အလံတိုင်ကြီးကို ၂ကြိမ် အလေးပြုရတယ်နော်...... မေ့သွားပြီလား... အဲ့ဒါတော့ မမေ့လိုက်နဲ့ နော် သူငယ်ချင်းတို့ .... ပြီးတော့ နိုင်ငံတော်သီချင်းဆိုရတယ်လေ.....သံပြိုင်သီဆိုကြတော့ အလံတိုင်ထိပ်မှာ လွင့်နေတဲ့ ကြယ် ၁၄ လုံးကလည်း အားတွေမာန်တွေ ပိုပြည့်လာသလိုဘဲ....
အတွေးထဲပြန်လည်မြင်ယောင်လိုက်တာ မြို့ ပြကြီးရဲ့ မနက်ခင်း ကိုခံစားဖို့ တောင် မေ့သွားတယ်.... ကျနော်တို့  ၁၀ နှစ်တာလောက် တင်္နလာ သောကြာ မနက်တိုင်းလုပ်ခဲ့ကြတဲ့ assembly လေး အခုဆို လူသစ်ကလေးတွေ မျိုးဆက်သစ်ကျောင်းသားလေးတွေနဲ့  နေရာလဲအစားထိုးသွားပြီနော်... အရင်ကလိုကော စိမ်းလန်းသေးရဲ့ လား...... ပိုပြီးများ စိမ်းလန်းလာသလား.....ကျောင်းကအလံတိုင်လေးကော ကျန်းမာရဲ့ လား... မင်းနဲ့  မြန်မာနိုင်ငံကိုတော့ ငါအရမ်းလွမ်းတယ်ကွာ..... နိုင်ငံတော်သီချင်းကိုကော ဘယ်အချိန်မှပြန်ဆိုရမလဲ ... ဘယ်အချိန်မှဘဲ ပြန်ဆိုရပါစေ..... ငါတို့ ကျောင်း ငါတို့  သူငယ်ချင်းတွေ ငါတို့ ဆရာ ဆရာမတွေ နဲ့  အတူသီဆိုခဲ့တဲ့ နိုင်ငံတော်သီချင်းကို ဒီတစ်သက် ဘယ်လိုမှမီနိုင်မှာ မဟုတ်တာတော့အမှန်ပဲ.......
မူရင်းရေသားသူ စနေသား blog (ခွန်နိုင်လင်းအောင်) ရေးသားသည်..။

Friday, November 13, 2009
စောင့်နေပါ့မယ်...
“မ” ရေ *****
မတူညီတဲ့ ကျောင်းတော်ကြီးရဲ့
ပို့ချချက်ကို နားလည်ရဲ့လား......
အသွင်မတူရင် အိမ်သူမဖြစ်ဆိုတဲ့စကား
မင်းလက်ကိုင်ထားဆဲဆိုရင်
“မ”ရေ.....“မ” ကြိုက်တဲ့ ပန်းရနံတွေ
ဤကမ္ဘာမြေမှာ သင်းပျံ့နေတုန်းပဲ.........။
လူနေမှုအဆင့်အတန်း မြင့်မားတယ်ဆိုတာ
“မ”သိပ်ကြိုက်တဲ့ ကိုရီးယာကားတွေနဲ့များ
နှိုင်းယှဉ်လိုက်တာလားကွာ..........
ကိုယ့်အရပ်ကိုပစ် သူ့အရပ်ကိုခင်တဲ့
“မ”ရဲ့နေရာမှာ ......
ကျနော်တို့ပြန်ဆုံတွေ့ဖို့ .....
ဆုတောင်းစရာ တနင်္ဂနွေထောင့်လေး
ရှိပါရဲ့လား..........။
အချိန်တန်လို့ အိမ်ပြန်တဲ့အခါ
အရာအားလုံးကို နားလည်ချစ်တတ်ခဲ့မယ်ဆိုရင်
“မ” ရေ.....ကျနော့် ပုခုံးကိုဖက်ပြီး
အတူတူ...လမ်းလျှောက်ထွက်ဖို့
အင်းယားရဲ့ ခရေပင်လမ်းမှာ
ကျနော် စောင့်နေပါမယ်............။
မတူညီတဲ့ ကျောင်းတော်ကြီးရဲ့
ပို့ချချက်ကို နားလည်ရဲ့လား......
အသွင်မတူရင် အိမ်သူမဖြစ်ဆိုတဲ့စကား
မင်းလက်ကိုင်ထားဆဲဆိုရင်
“မ”ရေ.....“မ” ကြိုက်တဲ့ ပန်းရနံတွေ
ဤကမ္ဘာမြေမှာ သင်းပျံ့နေတုန်းပဲ.........။
လူနေမှုအဆင့်အတန်း မြင့်မားတယ်ဆိုတာ
“မ”သိပ်ကြိုက်တဲ့ ကိုရီးယာကားတွေနဲ့များ
နှိုင်းယှဉ်လိုက်တာလားကွာ......
ကိုယ့်အရပ်ကိုပစ် သူ့အရပ်ကိုခင်တဲ့
“မ”ရဲ့နေရာမှာ ......
ကျနော်တို့ပြန်ဆုံတွေ့ဖို့ .....
ဆုတောင်းစရာ တနင်္ဂနွေထောင့်လေး
ရှိပါရဲ့လား..........။
အချိန်တန်လို့ အိမ်ပြန်တဲ့အခါ
အရာအားလုံးကို နားလည်ချစ်တတ်ခဲ့မယ်ဆိုရင်
“မ” ရေ.....ကျနော့် ပုခုံးကိုဖက်ပြီ
အတူတူ...လမ်းလျှောက်ထွက်ဖို့
အင်းယားရဲ့ ခရေပင်လမ်းမှာ
ကျနော် စောင့်နေပါမယ်............။
တိုင်းတပါးမှသီတင်းကျွတ်ညလေးတည
တစ်ညတစ်ည အိပ်ခန်းလေးထဲတွင်သာ internet သုံးရင်း နာရီလက်တံများ အလီလီ ရွေ့လျားနေရသောဘ၀ကို ငြီးငွေ့မိ၍ အညောင်းပြေ လမ်းလျှောက်ရန် အပြင်သို့ထွက်လာမိသည်။
သို့နှင့် အိမ်ရှေ့သို့အရောက်တွင် အနီးနားရှိ ဘောလုံးကွင်းသို့ မထင်မှတ်ပဲ အကြည့်ရောက်သွားမိသည်။ စိမ်းစိုကျယ်ပြန့်သော မြက်ခင်းပြင်ကျယ်သည် အတန်ငယ် ညစ်ညူးနေသောစိတ်ကို ပြန်လည်ကြည်လင် လန်းဆန်းစေ၏။ ထိုမြက်ခင်းပေါ်တွင်သာ လှဲအိပ်လိုက်ရရင် ဆိုသောအတွေး၏အဆုံးတွင် ထိုအတိုင်း ပြုလုပ်မိလျက်သား ဖြစ်နေတော့သည် ။ ပထမဆုံး မြင်လိုက်ရသောမြင်ကွင်းမှာ နက်မှောင်သော ညကောင်းကင်နှင့် ထိန်ထိန်သာနေသောလမင်းကြီးပင်ဖြစ်သည်။ ထိုအခါမှသာ မနက်ဖြန်သည်သီတင်းကျွတ်လပြည့်ပါလား ဟူသောအတွေးသည်လည်း
ခေါင်းထဲသို့ ရုတ်တရက်ဝင်ရောက်လာခဲ့တော့သည်။ ထို့ကြောင့်လည်းဘေးဘီတစ်ဝိုက်ကို စူးစမ်းလိုစွာ ကြည့်မိသည်။ ၂၄ နာရီပတ်လုံး လျှပ်စစ်မီးများဖြင့်ထိန်လင်းနေသော
စင်ကာပူမြို့တော်ကြီး၏ ညရှုခင်းသည် သဘာဝအလှတရားမှ သွေဖီကာ အကျည်းတန်နေပေသည်။ ယခုအခါမှ ကျွန်တော်တို့အရမ်းကို လာချင်ခဲ့သောစင်ကာပူမြို့တော်ကြီးသည်မြန်မာနိုင်ငံနှင့်နှိုင်းယှဉ်
ကြည့်သောအခါတွင်များစွာကွာခြားနေကြောင်း သဘောပေါက်မိတော့သည်။ လမ်းပေါ်တွင် မီးရှူးမီးပန်းများနဲ့ ပြေးလွားဆော့ကစားနေသောကလေးများ၊ ရောင်စုံ မီးပုံးလေးများနှင့်လှပနေသော အိမ်ကလေးများ
နှင့် အလှတရားများ ပေါင်းစုံရာ တောင်ကြီးမြို့၏ညရှုခင်းကိုသာပြန်လည်တမ်းတမိသည်။ ယခုအချိန်ဆိုလျှင်သူငယ်ချင်းများ မီးပုံးပျံကိစ္စနှင့်အလုပ်ရှုပ်နေမည် ဟူသောအတွေးကလည်း
ပြန်ချင်စိတ်ကိုပိုမိုနှိုးဆွပေးနေသည်။ သီတင်းကျွတ်ချိန်ခါတွင် မိသားစုစုံစုံလင်လင်နှင့် ဘုန်းကြီးကျောင်းသွားကာ သီလယူခဲ့သည်များကိုလည်း ပြန်လည်အမှတ်ရမိသည်။ ထို့ကြောင့်လည်း အမိမြန်မာပြည်သို့ အပြေးပြန်ချင်
စိတ်မှာ တားဆီးမရအောင် တဖွားဖွားပေါ်နေမိတော့မိသည်။သို့သော်လည်း ဘ၀တိုးတက်ရေးအတွက် ပျော်ရာမှာမနေ တော်ရာမှာနေရပေဦးမည် ဟူသောအသိစိတ်ဖြင့်သာထိန်းချုပ်ထားရသည်။
ဤမျှအတွေးလွန်နေ၍လည်းမဖြစ်။ မနက်ဖြန်တွင် NPMM Cultural Show အတွက် တာဝန်ဝတ္တရားများ သွားရောက်ထမ်းဆောင်ရပေဦးမည်။ နောက်ကျ၍မဖြစ်သည့်အတွက် စောစီးစွာ အနားယူရန်လိုအပ်သည်ဟူသော အသိစိတ်ကြောင့် နယ်လွန်နေသော အတွေးစကို အသာအယာဖြတ်ပြီးသကာလ အိပ်ယာသို့ဝင်ခဲ့လေတော့သည်။
မူရင်းရေသူ http://behs4edutaunggyi.ning.com ရဲ့ အက်မင်တယောက် (သန့်စင်ဦး)

Subscribe to:
Posts (Atom)